International News

ဘယ်လ်ဂျီယံ SMEs များ၏ ၃၀ ရာခိုင်နှုန်းကျော်မှာ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းတွင် ရှင်သန်ရပ်တည်နိုင်ဖွယ်မရှိ

Last Updated:

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း (COVID-19) တိုက်ဖျက်ရေး လက်ရှိ စီမံဆောင်ရွက်မှုများ ကိုဆက်လက်ထားရှိရမည်ဆိုပါက ဘယ်လ်ဂျီယံနိုင်ငံရှိ  အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs) ၏ ၃၁ ရာခိုင်နှုန်းနီပါးမှာ ဆက်လက်ရပ်တည် ရှင်သန်နိုင်မည်မဟုတ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ၊ Belfius ဘဏ်အရ သိရှိရပါသည်။ ၎င်းဘဏ်၏အဆိုအရ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် lockdown စတင်မပြုလုပ်မီကာလကပင် ဘယ်လ်ဂျီယံရှိ SMEs လုပ်ငန်းများ၏ (၂၀.၃) ရာခိုင်နှုန်းမှာ ၎င်းတို့၏ liquid assets ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ ဆက်လက်ရပ်တည် ရှင်သန်ရန်ရုန်းကန်နေခဲ့ရပြီးဖြစ်ကြောင်း၊ ကာလလတ်အပိုင်းအခြားတွင် ဘယ်လ်ဂျီယံ SMEs လုပ်ငန်းများ၏ ၃၀.၈  ရာခိုင်နှုန်းသည် မတည်ငွေရင်းမရှိမှု (သို့မဟုတ်) ကြွေးမြီပမာဏ အလွန်များပြားမှုတို့ကြောင့် လုပ်ငန်းရပ်ဆိုင်းရနိုင် ကြောင်း၊ ထို့ကြောင့်ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း (COVID-19) ၏ စီးပွားရေးရိုက်ခတ်မှုကို ရှင်သန်ကျော်လွှားနိုင်ရေးမှာ အဆိုပါလုပ်ငန်းများအတွက် အလွန် အခက်တွေ့စေလိမ့်မည်ဖြစ်ကြောင်း Belfius ဘဏ်ကပြောကြားခဲ့ပါသည်။

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) သည် ဥရောပစီးပွားရေး၏ အဓိကကျောရိုးသဖွယ်ဖြစ်သဖြင့် အရေးကြီးကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံတွင် VAT ပေးဆောင်ရသည့် (၉၉) ရာခိုင်နှုန်းထက် မနည်းသော စီးပွားရေးလုပ်ငန်းများသည် SMEs များဖြစ်ကြကြောင်း၊ SMEs လုပ်ငန်းများသည် နိုင်ငံ၏စီးပွားရေးတွင် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး၊ လက်ရှိ COVID-19 ကြောင့် စီးပွားရေးကျုံ့ခြင်းဖြစ်ပေါ်နေသည့် အခြေအနေကို ၎င်းလုပ်ငန်းများ အနေဖြင့် အဓိကရင်ဆိုင် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဖြစ်ပေါ်နေ သည့် စီးပွားရေးအကျပ်အတည်းအား ကာလတိုအတွင်း အဆုံးသတ်ရန်နှင့် SMEs လုပ်ငန်းများသည် အထောက်အပံ့အများအပြားရရှိရေး အစိုးရ၏အစီအမံများအပေါ်မှီခို၍ ဆောင်ရွက်နိုင်လိမ့်မည်ဟု  Belfius ဘဏ်က မျှော်လင့်ထား ကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏  ၇-၄-၂၀၂၀ နေ့တွင် သတင်းဖော်ပြ ချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

 

Category: International News